Saturday, October 8, 2011

ကျနော့်နှုတ်ခမ်းဖျားပေါ်က တဆတ်ဆတ်တုန်ယင်နေတဲ့အမှန်တရားဟာ မနှင်းဆ

ချစ်ခြင်းမေတ္တာဟာ ဘတ်စ်ကားအိုကြီးတစ်စင်းလို

မြို့ပြလူထုနဲ့ကင်းကွာလာတာ တွေ့ရတယ်။

မွန်းကြပ်မှုအမြင့်ဆုံးအဆင့် ။ အနူးညံ့ဆုံး ထွက်ပေါက်။

စကားပြောခန်းတစ်ခုမှ စကားလုံးရင်ကွဲသံ။

တစ်နေ့နေ့ဆိုတဲ့အတွေးနဲ့တင် ကျနော်ဖြာကနဲ ပြိုဆင်းသွားတယ် မနှင်းဆီ။

ကျနော်က ခြေဆုံး,ခေါင်းဆုံးမယဉ်ကျေးတဲ့ကောင်။ ထာဝရလိပ်ပြာ လုံချင်တယ်။

အသက် ၂၈ နှစ်ရှိပြီ ။ အခုချိန်ထိ ပတ်ဝန်းကျင်က ကျနော့်ကို အရောင်အဆင်းမှားတုန်းပဲ။

တိတ်ဆိတ်ငြိမ်သက်ခြင်းက လည်မြိုတစ်လျှောက် တဖြည်းဖြည်းချင်းနေရာယူလာတယ်။

အရသာမရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အဖြစ်နဲ့ပဲ ကျနော်မှာ စီးဆင်းခဲ့ရပြီ။

လူ့ဘ၀တစ်ခါရောက်တိုင်း မနှင်းဆီကဗျာတစ်ပုဒ် ကျနော်ရေးခဲ့မယ်။

ကျနော်ခေတ်အဆက်ဆက် မြတ်နိုးလာတဲ့ယဉ်ကျေးမှုဟာ

မနှင်းဆီဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းကလူတွေ သိပါစေ။

ဖြစ်လေရာဘ၀မှာ အနုပညာနဲ့သာပေါင်းဖက်ပါ့မယ် မနှင်းဆီ။

ကျနော့်ကို ယုံပါ ။

ကျနော့်ကိုယ်ပိုင်တံဆိပ်က တော်လှန်ရေးမျက်လုံးနဲ့၊ ရဲဝံ့တည်ကြည်ခြင်းပဲ မနှင်းဆီ။

ပြင်းပြင်းထန်ထန်မယုံကြည်ဘဲ ဘယ်အကြောင်းအရာကိုမှ လက်ဖျံရိုးထဲပေးမ၀င်ဘူး။

ကျနော့်ဘ၀မှာတော့ ဟားဗက်စ်တက္ကသိုလ်ပဲ တက်ချင်တယ်။

စပိန်ဂစ်တာတစ်လက်ပဲ ဖြစ်ချင်တယ်။

အရေပြားပေါ်လျှံကျနေတဲ့လူငယ်စိတ်နဲ့ ခေတ်ကိုကိုယ်ကပြန်ချော့သိပ်ချင်တယ်။

အမှန်တရားဟာ မြန်မြန်သေမယ့်ရောဂါတစ်ခုအနေနဲ့ ကျနော့်ခန္ဓာကိုယ်ထဲဝင်လာတယ်။

ရန်ကုန်မြို့ကြီးဟာ ဇာတ်လမ်းတွဲတွေနဲ့ လှည်ဖျားခံထားရတယ်။

မိုးရေချိန်ဘယ်လောက်ရွာသွန်းပြီး

ကျနော်တို့ငြိစွန်းခွင့်ကို ခင်ဗျားငြင်းပယ်မလဲ။

သပ်သပ်ရပ်ရပ်ပြုံးရတာ လိပ်ပြာနာလာတယ် မနှင်းဆီ။

လုပ်ငန်းခွင် ၊ မျက်လုံးအသေ ၊ အနာဂတ် ၊ ရှင်ကွဲ/သေကွဲ ။

ဘယ်ကြိုးကိုလှမ်းဆွဲပြီး ပျော်ရွှင်ရမလဲဆိုတာ ကျနော့်ကိုပြောပါ။

ကျနော်က အဘိဓာန်မှာမပါတဲ့ အက္ခရာလေးတစ်လုံးပါ မနှင်းဆီ။

ယနေ့ခေတ်လူ့အဖွဲ့အစည်းကို ကျနော်ငြီးငွေ့တယ်။

ကတ်ကိုဘိန်းရဲ့သေတမ်းစာမှာ ကျနော့်သဘောထားတွေ အများကြီးပါတာကို

ခင်ဗျားငြင်းပယ်နိုင်တယ် မနှင်းဆီ ။

ပျော်ရွှင်မှုကိုရှာဖွေရင်း မိမိကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့အခါ

အပြောင်းအလဲကို အသက်ပေးပြီးဝယ်ရတာလည်း နူးညံ့မှန်ကန်လွန်းပါတယ်။

ကမ္ဘာကြီးကိုညာလို့ရတယ် ။ ချစ်ခြင်းမေတ္တာကို ညာလို့မရဘူး မနှင်းဆီ ။

လက်ဖက်ရည်ဆိုင်ထိုင်ရင်း ၊ ရှုမျှော်ခင်းတွေ မျှော်ကြည့်ရင်း

ကိုယ့်ကိုယ်ကိုယ်မေး,ထူး,ခေါ်,ပြောလုပ်ရတာ ပိုသဘာဝကျပါတယ်။

အခြေခံလူတန်းစားတွေစိတ်ထဲက အရောင်တဖျတ်ဖျတ်တောက်ပနေခြင်းဟာ

ဒီကမ္ဘာကြီးနာကျည်းရမယ့် ညနေစာဖြစ်တယ် မနှင်းဆီ ။

လူဆိုတာ ကိုယ့်အရိပ်ကိုယ်ကြောက်လန့်ရလောက်အောင်

အမှားတွေကို နင်းမိတတ်တယ် ။ ခင်ဗျား ဖြူစင်ပါ။ ယနေ့မှစ ၊ သံသရာထိတိုင် ဖြူစင်ပါ။

ကျနော်ရင်ဘတ်အောင့်အောင့်နေခြင်းဟာ ခင်ဗျားဖြူစင်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ပါစေ။

ဒီအတိုင်းဆို သိပ်မကြာခင်မှာပဲ မနှင်းဆီ နဲ့ အရာအားလုံးကိုကျနော်ထားရစ်ခဲ့ရတော့မယ်။

ကျနော်တို့တူတူကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို ကျနော့်အတွက်ပိုနားထောင်ပေးပါ။

ချောင်းဆိုးရင်းသွေးပါလာတာလည်း အနုပညာပဲ မနှင်းဆီ။

ကျနော်သွားနှင့်တော့မယ် ။ ။


-စစ်နိုင်

No comments: