Thursday, October 13, 2011

အလွမ်းက ကိုယ့်ကို မီးမှိတ်လိုက်တယ်

တယောက်က တယောက်ကို စွန့်ခွာသွား တဲ့အခါ
ထွက်ပြေးရက်သူက ဘယ်သူဖြစ်ဖြစ်......................
ကျန်ရစ်ခဲ့သူက ဘယ်သူဖြစ်ဖြစ်....................
အချစ်က မြေဇာမြက်..................။

ရိုးသားပွင့်လင်း ခြင်းမှာ
ဘယ်အရေမှမခြုံဖြစ်ခဲ့တဲ့အခါ
မိုက်မဲသိုးတကောင်နဲ့ ကျွန်မ တူခဲ့လိမ့်မယ်
ဖြောင့်မတ် ထူအခြင်းမှာ
ဘယ်အကြည့်ကိုမှ မရှောင်လွဲ ဖြစ်တဲ့အခါ
ရန်လို သင်းကွဲ အရိုင်းသားကောင် ဆန်ခဲ့လိမ့်မယ်
အိပ်မက်တွေကို နမိတ်ဖတ်လွဲခဲ့ပြီး
အဆိပ်တက်နေတဲ့ ကတုန်ကရင်နဲ့
ရင်ဘတ်အကွဲမှာ တွယ်ချိတ်လေးများတန်းလန်း...
တံခါးရွက်တို့ ထာဝရကျိန်စာသင့်အခန်းမှာမှ ကျွန်မ နေပျော်ခဲ့ပါရဲ့။

သူများတွေလို ဝေးချင်လို့ ဝေးသွားတာလည်း မဟုတ်ပဲ
ဝေးသင့်လို့ ဝေးသွားကြတာလည်း မဟုတ်ပဲ
ဝေးနေလို့ ဝေးသွားကြတာမျိုး....ဝေး၊

အရိပ်အကဲမကြည့်တတ်တဲ့အခါ
တိမ်အော်သံဟာတောင် ဆူညံ လွန်း နေမယ်။


ဇူလှိုင်ရေ........
ခုဆို ရန်ကုန်မှာ မိုးတွေ အရမ်းသည်းနေပြီ
လမ်းမပေါ်မှာလည်း ရေတွေချည်းပဲ
မှောင်ထဲမည်းထဲမှာ
ဆလိုက်ထိုးသလို ကားမီးရောင်တွေအောက်က...
မိုးစက်တွေကျနေပုံ သိပ်လွမ်းစရာကောင်းတယ်...သိလား

ဇူလှိုင်ရေ........
ဖိစီးစိတ်မှာ စကားလုံးတွေ သက်ဝင်တောက်ပနေကြပြီ
အလွယ်တကူ မေ့မသွားသေးတာကိုက ခမ်းနားကြီးကျယ်လို့
အိပ်မက်ဟောင်းတွေက ဒိုးယိုပေါက် စိမ့်စိုလို့
ထီးရွက်အိုအောက် မျှော်လင့်တကြီးမိုးခိုလို့
ချစ်သူ့ အပြန်လမ်း အရပ်မျက်နှာဖက်ဆီ ဦးတည်လို့...သိလား

ဇူလှိုင်ရေ....
ငါကတော့ ငါ့ကိုယ်ငါ လမ်းဆန်ဆန်ခင်းလိုက်တာပါပဲ
အချိုးအကွေ့ မှာ အခိုးအငွေ့တွေအဖြစ်နဲ့
အစွန်းထွက်တဲ့အထိ တိုးဝှေ့ ပျောက်ကွယ်ခံခဲ့ရ
မနက်ဖြန်များစွာတိုင်အောင် ထိရှ အက်ကြွေနေမယ်........။
သိလား...။


မှူးဒါရီ

No comments: