ငါလား ဟုတ်ပါတယ် " xx "
ဆက်သွယ်ရေး အစုတ်ကြီးထဲ မှာ
လူကိုယ်တိုင် စုတ်ပြတ်သတ်နေတာ ။
ဒဏ်ရာ ရနေခဲ့သူမို.
မှန်ကန်တဲ့ ဆေးညွန်းစာကို
မိနစ်လေးဆယ်စာ အချိန်ယူပြီး တန်းစီစောင့်ယူတယ် ။
ငါလား ဟုတ်ပါတယ် " xx "
အထီးကျန်နေရင် ဂစ်တာ တီးပါတယ်
အတတ်နိုင်ဆုံး ရိုးသားပါတယ်
စိတ်ညစ်နေရင်ပြုံးတတ်ပါတယ် ။
ဟုတ်ပါတယ် " xx "
ငါဆိုတဲ့သူက
စကားတခွန်းထဲနဲ.လဲ နှစ်ရက်လောက် သေတတ်တယ်
စကားတခွန်းထဲနဲ.လဲ စိတ်တွေ ပြောင်းသွားတယ် ။
ကိုယ့်ကို ကိုယ် အံ့သြတယ် " xx "
နားထောင်တဲ့သီချင်းတွေ ပြောင်းလဲသွားတယ်
ရေခြားမြေခြား မှာ ဖတ်ဖို.စာ တွေ ရေးတယ်
ဘာမှမမျော်လင့် ခြင်းတွေထဲမှာ ဘာမှတော့ မဖြစ်ချင်ပါဘူး " xx "
ကဗျာတွေက တရားခံဖမ်းသလို ငါ့ကိုလိုက်ဖမ်းနေတာ ကို ပက်ပြေးနေမိတာ ။
ဒါဟာ ကဗျာ တပုဒ်သက်သက်ပဲဖြစ်ပါရစေ " xx "
အိပ်မက်ထဲ မှာ ရေးလိုက်တာ ပါ ….
မိုးစက်
28 Oct ( 9 : 00 PM )
Saturday, October 29, 2011
Thursday, October 13, 2011
ကိစ္စမရှိပါဘူး
မြေဆီနဲ့ မျိုးစေ့
သဟာဇာတ မဖြစ်လို့
ပေါင်းသင် ဖြတ်ခုတ် ခံ လိုက်ရတာပါ။
အကြင်နာ နဲ့
အကျင့်စရိုက်...
လိုက်ရော ညီထွေ မရှိလို့
အနာဂတ်တွေ ဆေးသွင်း အသတ်ခံ လိုက် ရတာပါ။
နားလည်နိုင်စွမ်း နဲ့ စိတ်ဓာတ်
ရေစက် မဆုံ လို့..........
အိပ်မက်တွေ လမ်းဘေး၊ချနင်း ခံ လိုက် ရတာပါ။
အသိုင်းအ၀ိုင်းနဲ့ ရာဇ၀င်
သမိုင်းမတွင်လောက်လို့........
လှေကားသုံးထစ် နောက်ပြန် ဆင်းပေးလိုက်ရတာပါ။
ကိစ္စ မရှိပါဘူး... ခွဲခွာခြင်း...။
မှူးဒါရီ

ယုံတမ်းပြောကြေးအနုပညာ
(၁)
ဘာတွေ လုပ်ဖြစ်နေလဲတဲ့
အသက်ရှူသံ မျှင်းမျှင်းများ နဲ့ နာမည် ၀ှက်တမ်း ကစားနည်း ကစားဖြစ်တယ်...
(၂)
..................
ဟယ်လို ငါ ပါ...
နင့်အတွေးတွေထဲ အထူးကံ ခံစားခွင့် လူကြီးမင်း မဟုတ်တဲ့ ငါပါ
ဟုတ်ပါတယ် ငါ ပါ...
နင့်အပေါ်နှုတ်ခမ်း နဲ့ အောက်နှုတ်ခမ်းကြား အောက်ဆီဂျင်နဲ့မှ အသက်ရှူချင်မိတဲ့ ငါပါ
ဟုတ်ကဲ့ အဲ့ဒီ ငါ ပါ ပဲ...
ဖွဲ့စည်းပုံအသေကြီးကိုစွဲကိုင်
(နင်ပြောသလို.... )
အနုတ်လက္ခဏာ လှိုင်လှိုင်ကြီးရေးခြစ်ပြတတ်တဲ့
အညံ့စားကျောက်သင်ပုန်းလို ငါ ပါ
နင့်ဆီကို
ဖုန်းစုတ်လေးမှ တဆင့် လွဲလို့
ဆက်သွယ်ရေး ညံ့ဖျင်းခဲ့....................။
(၃)
.............................
မနေ့ညက နင် မော့ကြည့်ဖြစ်တဲ့
ကောင်းကင်မှာ ကြယ်လေးတွေ အရောင်မတောက်ဘူး တဲ့
ကနေ့ည ငါ မော့ကြည့်လိုက်တဲ့
ကောင်းကင်မှာလည်း ကြယ်လေးတွေ မှေးမှိန် သေးကွေး.........
နောက်တနေ့ နောက်တည
နှစ်ယောက်သား အတူ ကြည့်ဖြစ်ချိန် ကျရင်ကောကွယ်...?
(၄)
အလိမ်အညာတွေဆိုပေမယ့်...
အမှန်တရား တ၀က်တိတိ ကပေါက်ကချာနဲ့
ချစ်ခြင်းမေတ္တာ ရောင်းတန်းဝင် ကြော်ငြာ စာတမ်း
ဖျက်သိမ်းကြောင်း ယုံတမ်း ပြောကြေး အနုပညာ...။
(၅)
ကလေးရေ...
............
မသိရဲတဲ့ အဖြေတခု က
မပြောသင့်ဘူး ဆိုတဲ့ အိမ်ခွံထဲ အံဝင်ခွင်ကျဖြစ်လာပြီဆိုရင်
ကိုယ့်ရင် ကိုယ် လျိုသတ် ခြင်းတွေမှာ...
ငါတို့ အကျွင်းတ၀င်ရှိနေဖို့တော့ လိုပါမယ်။

အလွမ်းက ကိုယ့်ကို မီးမှိတ်လိုက်တယ်
တယောက်က တယောက်ကို စွန့်ခွာသွား တဲ့အခါ
ထွက်ပြေးရက်သူက ဘယ်သူဖြစ်ဖြစ်......................
ကျန်ရစ်ခဲ့သူက ဘယ်သူဖြစ်ဖြစ်....................
အချစ်က မြေဇာမြက်..................။
ရိုးသားပွင့်လင်း ခြင်းမှာ
ဘယ်အရေမှမခြုံဖြစ်ခဲ့တဲ့အခါ
မိုက်မဲသိုးတကောင်နဲ့ ကျွန်မ တူခဲ့လိမ့်မယ်
ဖြောင့်မတ် ထူအခြင်းမှာ
ဘယ်အကြည့်ကိုမှ မရှောင်လွဲ ဖြစ်တဲ့အခါ
ရန်လို သင်းကွဲ အရိုင်းသားကောင် ဆန်ခဲ့လိမ့်မယ်
အိပ်မက်တွေကို နမိတ်ဖတ်လွဲခဲ့ပြီး
အဆိပ်တက်နေတဲ့ ကတုန်ကရင်နဲ့
ရင်ဘတ်အကွဲမှာ တွယ်ချိတ်လေးများတန်းလန်း...
တံခါးရွက်တို့ ထာဝရကျိန်စာသင့်အခန်းမှာမှ ကျွန်မ နေပျော်ခဲ့ပါရဲ့။
သူများတွေလို ဝေးချင်လို့ ဝေးသွားတာလည်း မဟုတ်ပဲ
ဝေးသင့်လို့ ဝေးသွားကြတာလည်း မဟုတ်ပဲ
ဝေးနေလို့ ဝေးသွားကြတာမျိုး....ဝေး၊
အရိပ်အကဲမကြည့်တတ်တဲ့အခါ
တိမ်အော်သံဟာတောင် ဆူညံ လွန်း နေမယ်။
ဇူလှိုင်ရေ........
ခုဆို ရန်ကုန်မှာ မိုးတွေ အရမ်းသည်းနေပြီ
လမ်းမပေါ်မှာလည်း ရေတွေချည်းပဲ
မှောင်ထဲမည်းထဲမှာ
ဆလိုက်ထိုးသလို ကားမီးရောင်တွေအောက်က...
မိုးစက်တွေကျနေပုံ သိပ်လွမ်းစရာကောင်းတယ်...သိလား
ဇူလှိုင်ရေ........
ဖိစီးစိတ်မှာ စကားလုံးတွေ သက်ဝင်တောက်ပနေကြပြီ
အလွယ်တကူ မေ့မသွားသေးတာကိုက ခမ်းနားကြီးကျယ်လို့
အိပ်မက်ဟောင်းတွေက ဒိုးယိုပေါက် စိမ့်စိုလို့
ထီးရွက်အိုအောက် မျှော်လင့်တကြီးမိုးခိုလို့
ချစ်သူ့ အပြန်လမ်း အရပ်မျက်နှာဖက်ဆီ ဦးတည်လို့...သိလား
ဇူလှိုင်ရေ....
ငါကတော့ ငါ့ကိုယ်ငါ လမ်းဆန်ဆန်ခင်းလိုက်တာပါပဲ
အချိုးအကွေ့ မှာ အခိုးအငွေ့တွေအဖြစ်နဲ့
အစွန်းထွက်တဲ့အထိ တိုးဝှေ့ ပျောက်ကွယ်ခံခဲ့ရ
မနက်ဖြန်များစွာတိုင်အောင် ထိရှ အက်ကြွေနေမယ်........။
သိလား...။

တံခါးတွေ ပိတ်ထားလိုက်
ဟိတ် !!!
တံခါးတွေကို ပိတ်ထားလိုက်
အိမ်ရှေ.နားမှာ အလွမ်းတွေ ရစ်သီရစ်သီနဲ.
ဝင်ခွင့်သာပေးလိုက်ရင် သွားပြီ
အိပ်ဆေးတွေ ငါ့အတွက် လို လာလိမ့်မယ်
တံခါးတွေကို ပိတ် မီးတွေမှိတ်ပြီး
ဘာမှမဖြစ်သလို အိပ်ပြစ်လိုက်
သီချင်းသံတွေ ပိတ် အသဲကွဲ သီချင်းတွေ တိတ်ထားလိုက်
ကွန်ပြူတာကို ပိတ် နင့်ဓာတ်ပုံ တွေ အရိပ်ပြနေလိမ့်မယ်
တယ်လီဖုန်း ကိုပိတ် စိတ်တွေကို ရိတ် သိမ်းလိုက်
အာာာာာာာာာာာ
ဖြစ်နိုင်ရင် အကုန်လုံးကို ပိတ်ထားလိုက်
" သံယောဇဉ် " ဆိုတာ ရင်ဘတ်ထဲ ပိုက်ထားလို.
ကောင်းတဲ့အရာ မဟုတ်ဘူး ။ ။
မိုးစက် ( ၁၃ အောက်တိုဘာ )

Monday, October 10, 2011
အကယ်၍
အကယ်၍
မင်းအသိုင်းအ၀ိုင်း တုန်လှုပ်ခြောက်ခြားပြီး
ဒါတွေဟာ မင်းကြောင့်လို့ ၀ိုင်းဝန်းအပြစ်တင်ကြတဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ ရင်ဆိုင်နိုင်မယ်ဆိုရင် . . .
အကယ်၍
အားလုံးက မင်းကို မယုံသင်္ကာဖြစ်လာတဲ့အခါ
သူတို့ကို နားလည်စွာ ခွင့်လွှတ်ရင်းနဲ့
မင်းကိုယ်မင်း ယုံကြည်မှု အပြည့်ရှိမယ်ဆိုရင် . . .
အကယ်၍
စောင့်သင့်တဲ့အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းရဲ့အကြောင်း မဟုတ်မတရား မုသားစကားကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့ မတုန့်ပြန်ဘူးဆိုရင် . . .
ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်းမုန်းတီးတဲ့အခါ
မင်းကလည်း အမုန်းတွေ ပြန်မပွားဘူးဆိုရင် . . .
အကယ်၍
စိတ်ကူးယဉ်အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ
စိတ်ကူးနိုင်မယ်ဆိုရင် . . .
ပြီးတော့
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက်သက်သက်သာ မဖြစ်စေဘဲ
တွေးခေါ်နိုင်မယ်ဆိုရင် . . .
အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှုဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလားရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ်လူညာတွေက လှည့်စားပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းဘ၀တစ်ခုလုံးပေးပြီး
အရိပ်တကြည့်ကြည့်နဲ့ ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်
အင်မတန်မှသေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် . . .
အကယ်၍
မင်းနိုင်ခဲ့သမျှတွေအားလုံး
ကြွေတလှည့်ကြက်တခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင် . . .
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် . . .
ပြီးတော့တခါ
ဆိုးလှတဲ့ကံကြမ္မာရယ်လို့
ဘယ်သောအခါမှ ညည်းညူမနေဘူးဆိုရင် . . .
အကယ်၍
သူများတကာတွေ လုပ်ပြီးသွားကြလို့
အချိန်အတော်ကြာမှ မင်းအလှည့်ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင် . . .
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့ ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲ
လက်ဆုပ်လက်ကိုင် ထားနိုင်မယ်ဆိုရင် . . .
အကယ်၍
လူတွေနဲ့ ထိတွေ့ဆက်ဆံ ပြောဆိုတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင် . . .
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့အတူ လမ်းလျှောက်နေရပေမယ့်
မာန်၊ မာန သွေး မကြွဘူးဆိုရင် . . .
အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို နာကျည်းအောင် မလုပ်နိုင်စေရင် . . .
အကယ်၍
လူတိုင်းကို တန်ဖိုးထားလေးစားပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင် . . .
အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင် . . .
ငါ့သားရေ
မင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ ကမ္ဘာကြီးကို
ဆုပ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့
အဲဒီတော့ မင်းဟာလည်း ယောက်ျားကောင်းတယောက်ပဲပေါ့။ ။
IF ဆိုသော ကဗျာအားဒေါ်အောင်ဆန်းစုကြည်မှ ဘာသာပြန်ပေးထားခြင်းဖြစ်ပါသည်။

Saturday, October 8, 2011
ကျနော့်နှုတ်ခမ်းဖျားပေါ်က တဆတ်ဆတ်တုန်ယင်နေတဲ့အမှန်တရားဟာ မနှင်းဆ
ချစ်ခြင်းမေတ္တာဟာ ဘတ်စ်ကားအိုကြီးတစ်စင်းလို
မြို့ပြလူထုနဲ့ကင်းကွာလာတာ တွေ့ရတယ်။
မွန်းကြပ်မှုအမြင့်ဆုံးအဆင့် ။ အနူးညံ့ဆုံး ထွက်ပေါက်။
စကားပြောခန်းတစ်ခုမှ စကားလုံးရင်ကွဲသံ။
တစ်နေ့နေ့ဆိုတဲ့အတွေးနဲ့တင် ကျနော်ဖြာကနဲ ပြိုဆင်းသွားတယ် မနှင်းဆီ။
ကျနော်က ခြေဆုံး,ခေါင်းဆုံးမယဉ်ကျေးတဲ့ကောင်။ ထာဝရလိပ်ပြာ လုံချင်တယ်။
အသက် ၂၈ နှစ်ရှိပြီ ။ အခုချိန်ထိ ပတ်ဝန်းကျင်က ကျနော့်ကို အရောင်အဆင်းမှားတုန်းပဲ။
တိတ်ဆိတ်ငြိမ်သက်ခြင်းက လည်မြိုတစ်လျှောက် တဖြည်းဖြည်းချင်းနေရာယူလာတယ်။
အရသာမရှိတဲ့ ရေနွေးကြမ်းတစ်ခွက်အဖြစ်နဲ့ပဲ ကျနော်မှာ စီးဆင်းခဲ့ရပြီ။
လူ့ဘ၀တစ်ခါရောက်တိုင်း မနှင်းဆီကဗျာတစ်ပုဒ် ကျနော်ရေးခဲ့မယ်။
ကျနော်ခေတ်အဆက်ဆက် မြတ်နိုးလာတဲ့ယဉ်ကျေးမှုဟာ
မနှင်းဆီဖြစ်ကြောင်း ကမ္ဘာတစ်ဝှမ်းကလူတွေ သိပါစေ။
ဖြစ်လေရာဘ၀မှာ အနုပညာနဲ့သာပေါင်းဖက်ပါ့မယ် မနှင်းဆီ။
ကျနော့်ကို ယုံပါ ။
ကျနော့်ကိုယ်ပိုင်တံဆိပ်က တော်လှန်ရေးမျက်လုံးနဲ့၊ ရဲဝံ့တည်ကြည်ခြင်းပဲ မနှင်းဆီ။
ပြင်းပြင်းထန်ထန်မယုံကြည်ဘဲ ဘယ်အကြောင်းအရာကိုမှ လက်ဖျံရိုးထဲပေးမ၀င်ဘူး။
ကျနော့်ဘ၀မှာတော့ ဟားဗက်စ်တက္ကသိုလ်ပဲ တက်ချင်တယ်။
စပိန်ဂစ်တာတစ်လက်ပဲ ဖြစ်ချင်တယ်။
အရေပြားပေါ်လျှံကျနေတဲ့လူငယ်စိတ်နဲ့ ခေတ်ကိုကိုယ်ကပြန်ချော့သိပ်ချင်တယ်။
အမှန်တရားဟာ မြန်မြန်သေမယ့်ရောဂါတစ်ခုအနေနဲ့ ကျနော့်ခန္ဓာကိုယ်ထဲဝင်လာတယ်။
ရန်ကုန်မြို့ကြီးဟာ ဇာတ်လမ်းတွဲတွေနဲ့ လှည်ဖျားခံထားရတယ်။
မိုးရေချိန်ဘယ်လောက်ရွာသွန်းပြီး
ကျနော်တို့ငြိစွန်းခွင့်ကို ခင်ဗျားငြင်းပယ်မလဲ။
သပ်သပ်ရပ်ရပ်ပြုံးရတာ လိပ်ပြာနာလာတယ် မနှင်းဆီ။
လုပ်ငန်းခွင် ၊ မျက်လုံးအသေ ၊ အနာဂတ် ၊ ရှင်ကွဲ/သေကွဲ ။
ဘယ်ကြိုးကိုလှမ်းဆွဲပြီး ပျော်ရွှင်ရမလဲဆိုတာ ကျနော့်ကိုပြောပါ။
ကျနော်က အဘိဓာန်မှာမပါတဲ့ အက္ခရာလေးတစ်လုံးပါ မနှင်းဆီ။
ယနေ့ခေတ်လူ့အဖွဲ့အစည်းကို ကျနော်ငြီးငွေ့တယ်။
ကတ်ကိုဘိန်းရဲ့သေတမ်းစာမှာ ကျနော့်သဘောထားတွေ အများကြီးပါတာကို
ခင်ဗျားငြင်းပယ်နိုင်တယ် မနှင်းဆီ ။
ပျော်ရွှင်မှုကိုရှာဖွေရင်း မိမိကိုယ်ကိုယ်ပျောက်ဆုံးလာတဲ့အခါ
အပြောင်းအလဲကို အသက်ပေးပြီးဝယ်ရတာလည်း နူးညံ့မှန်ကန်လွန်းပါတယ်။
ကမ္ဘာကြီးကိုညာလို့ရတယ် ။ ချစ်ခြင်းမေတ္တာကို ညာလို့မရဘူး မနှင်းဆီ ။
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ၊ ရှုမျှော်ခင်းတွေ မျှော်ကြည့်ရင်း
ကိုယ့်ကိုယ်ကိုယ်မေး,ထူး,ခေါ်,ပြောလုပ်ရတာ ပိုသဘာဝကျပါတယ်။
အခြေခံလူတန်းစားတွေစိတ်ထဲက အရောင်တဖျတ်ဖျတ်တောက်ပနေခြင်းဟာ
ဒီကမ္ဘာကြီးနာကျည်းရမယ့် ညနေစာဖြစ်တယ် မနှင်းဆီ ။
လူဆိုတာ ကိုယ့်အရိပ်ကိုယ်ကြောက်လန့်ရလောက်အောင်
အမှားတွေကို နင်းမိတတ်တယ် ။ ခင်ဗျား ဖြူစင်ပါ။ ယနေ့မှစ ၊ သံသရာထိတိုင် ဖြူစင်ပါ။
ကျနော်ရင်ဘတ်အောင့်အောင့်နေခြင်းဟာ ခင်ဗျားဖြူစင်ဖို့လုံလောက်တဲ့အကြောင်းပြချက်ဖြစ်ပါစေ။
ဒီအတိုင်းဆို သိပ်မကြာခင်မှာပဲ မနှင်းဆီ နဲ့ အရာအားလုံးကိုကျနော်ထားရစ်ခဲ့ရတော့မယ်။
ကျနော်တို့တူတူကြိုက်ခဲ့ဖူးတဲ့ သီချင်းတွေကို ကျနော့်အတွက်ပိုနားထောင်ပေးပါ။
ချောင်းဆိုးရင်းသွေးပါလာတာလည်း အနုပညာပဲ မနှင်းဆီ။
ကျနော်သွားနှင့်တော့မယ် ။ ။
-စစ်နိုင်

Subscribe to:
Posts (Atom)